Wednesday, 9 July 2014

ဒလမြို့နယ် ကံဦးကျောင်းဆရာတော်အား ကျောင်းတိုက်မှ ထွက်ခွာရန် မဟန စာထုတ်

ဒလမြို့နယ် ကံဦးကျောင်းဆရာတော်အား ကျောင်းတိုက်မှ ထွက်ခွာရန် မဟန စာထုတ် (ကျောင်းမှထွက်ခွာမသွားရန် ဆရာတော်အားဒေသခံ ၂ဝဝ ကျော်က ပိတ်ဆို့ထား )
Thursday, July 10, 2014

ရန်ကုန်၊ ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ဆာပါချောင်းရပ်ကွက် ကံဦးကျောင်း တိုက်ဆရာတော်အား ဇူလိုင် ၆ ရက်တွင် ကျောင်းတိုက်မှ ထွက်ခွာပေးရန် သံဃမဟာနာယကမှ စာထုတ်ပြန်ထားသော်လည်း အဆိုပါဒေသခံပြည်သူ ၂ဝဝ ကျော်က ဆရာတော်ဦးကုသလကို ကျောင်းမှထွက်ခွာမသွားရန် ပိတ် ဆို့ထားကြောင်း ကံဦးကျောင်းတိုက်ဆရာတော် ဦးကုသလက မိန့်ကြားသည်။
သံဃမဟာနာယက၏ထုတ်ပြန်ထားသည့်အတိုင်း ဇူလိုင် ၆ ရက် မွန်းလွဲ ၁ နာရီခန့်တွင် ကျောင်းတိုက်မှ ထွက်ခွာခဲ့သော်လည်း ဒေသခံပြည်သူ ၁ဝဝဝ ကျော်က ဆရာတော်ကို ကျောင်းတိုက်မှ ထွက်ခွာခြင်းမပြုရန်နှင့် မည်သူမှလာ ရောက်ခေါ်ဆောင်ခြင်းမရှိစေရန်တားမြစ်ခဲ့ကြပြီး ယနေ့တွင်လည်း ကျောင်း အပြင်ဘက်တွင် ဒေသခံ ၂ဝဝ ကျော် မှ တားမြစ်ထားကြောင်း သိရသည်။
''မဟနကစာထုတ်တဲ့အတိုင်း ကျောင်းကဖယ်ပေးဖို့ လက်မှတ်လဲထိုးပေးခဲ့တယ်။ ထွက်ဖို့လဲ ကြိုးစားပေမယ့် ဒေသခံတွေကပေးမထွက်ဘူး။ ဦးဇင်းက အမိန့်ကိုမနာခံတာလဲ မဟုတ်ဘူး။ တကယ်လို့ ကျောင်းက မဖယ်ပေးဘူးဆို ရင် လူဝတ်လဲခိုင်းပြီး တရားစွဲမယ်လို့ ပြောထားတယ်။ အခု မဟနဆီကို ဦးဇင်း ကျောင်းကထွက်လို့မရတဲ့အကြောင်း ဒီကအခြေအနေအားလုံးကို အကြောင်း ကြားစာပို့ထားပါတယ်''ဟု ဆရာတော် ဦးကုသလက မိန့်ကြားသည်။

အဆိုပါ ကံဦးကျောင်း ကျောင်းထိုင်ဆရာတော် ဦးကုသလကို ခွင့်ပြုချက် မရှိဘဲ ကျောင်းဆောက် ကျောင်းဖျက်ခြင်းများပြုလုပ်သည့်အတွက် ကျောင်းတွင် ဆက်လက်နေထိုင်ခွင့်မပြုသင့်ကြောင်း သံဃမဟာနာယကအဖွဲ့ဝင် သရက် တောကျောင်းတိုက်ဆရာတော် ဒေါက်တာဘဒ္ဒန္တပဝရာဘိဝံသမှ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့သို့ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုကဲ့သို့ သရက်တောကျောင်းတိုက်ဆရာတော်၏ ခွင့်ပြုချက်မရှိဘဲ ကျောင်း ဆောက်ကျောင်းဖျက်သည်ဆိုသည့်စွပ်စွဲချက်မှာ မှန်ကန်မှုမရှိကြောင်း ကံဦး ကျောင်းတိုက်ဆရာတော် ဦးကုသလက မိန့်ကြားသည်။
''ဒီကျောင်းကြီးကိုရောက်ပြီး သိပ်မကြာဘူး နာဂစ်ဖြစ်တော့ ကျောင်းကြီး က ပျက်စီးနေပြီ။ ပြန်ပြင်ဖို့အတွက် ဆရာတော်(သရက်တော)ကို လျှောက်တော့ ကျောင်းကြီးပြင်ဖို့ အဆင်ပြေအောင်လုပ်ပါလို့ပြောခဲ့တယ်။ အဲအတွက် ကျောင်း ကြီးကိုဖျက်ပြီး ရလာတဲ့သစ်တွေကိုပြန်ရောင်းပြီး ကျောင်းဆောက်တဲ့အထဲထည့် ခဲ့တယ်။ ဒါတွေကအစ ပြန်လျှောက်ခဲ့တယ်။ ဒါကို ခွင့်ပြုချက်ရပြီးမှလုပ်ခဲ့ တာ''ဟု ဆရာတော်က မိန့်ကြားသည်။
အဆိုပါဆရာတော်ဦးကုသလကို ကံဦးကျောင်းတိုက်ကျောင်းထိုင်ဆရာ တော်အဖြစ် သရက်တောကျောင်းတိုက်ဆရာတော် ဒေါက်တာဘဒ္ဒန္တပဝရာ ဘိဝံသမှ ၂ဝဝ၇ ခုနှစ် ဇူလိုင် ၈ ရက်မှစတင်ကာ ကျောင်းထိုင်စေခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဒလမြို့မရဲစခန်းမှ ''ဆရာတော်ကိုကြည်ညို တဲ့ဒေသခံတွေက ထွက်လို့မရအောင်ပိတ်ထားလို့ ဆရာတော်က စခန်းကိုဖုန်း ဆက်ပြီး အကူအညီတောင်းခဲ့သေးတယ်။ ဒါပေမဲ့ ကျွန်တော်တို့သွားရင် ရဲတွေ ကလာဖမ်းတယ်ထင်ပြီး ပြဿနာဖြစ်မှာစိုးလို့ မသွားနိုင်ဘူး။ လုံခြုံရေးအရ တောင် အရပ်ဝတ်တွေနဲ့ပဲ စောင့်ကြည့်ခိုင်းထားတယ်''ဟု ဒုရဲအုပ် ကိုမြင့်ခိုင် ဦးက ပြောသည်။

ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ (၁၀) အမှတ် (၂၆)

No comments:

Post a Comment